Thursday, June 30, 2022

ကိုယ့်ကုန်ပစ္စည်းအတွက် ကြော်ငြာခ များများ မသုံးသင့်ပါဘူး

ကြော်ငြာခများများသုံးရင် လူများများဆီရောက်မှာမို့ စီးပွားရေးတစ်ခုက ရပ်တည်ဖို့ လွယ်ကူတယ်လို့ ထင်တတ်ကြပါတယ်။

Customer တွေလည်း ကိုယ့်ကုန်ပစ္စည်းကို အလွယ်တကူ ဝယ်ယူသုံးစွဲကြမှာပဲလို့ ယူဆနေကြတာမို့ ကြော်ငြာခကို ရေလို သုံးဖို့ သင့်မှာလည်း အစီစဉ်ရှိထားလောက်ပါတယ်။

တကယ်တော့ ကြော်ငြာခများများသုံးပေမယ့်လည်း မအောင်မြင်ဘဲ ပြိုလဲသွားတဲ့ စီးပွားရေးတွေ များစွာရှိနေပါတယ်။

ဘာလို့လဲဆိုတော့ Customer တွေဟာ ကြော်ငြာကို ကြည့်ပြီး တခါတည်း မဝယ်ယူကြတော့ပါဘူး။ ကြော်ငြာနဲ့ဆိုင်ပြီး အသိအမြင် ဗဟုသုတများစွာနဲ့ အတွေ့အကြုံများစွာ ရှိနေလို့ ဖြစ်ပါတယ်။

အကောင်းဆုံး ကြော်ငြာဖန်တီးပေးနိုင်တဲ့ အဖွဲ့အစည်းကို ငှါးရမ်းပြီး လုပ်ပေမယ့်လည်း Customer တွေဟာ ကြော်ငြာတိုင်းကိုလည်း အယုံအကြည်မရှိကြတော့ပါဘူး။

ဒါကြောင့် ကြော်ငြာကို မယုံကြည်တော့တဲ့ Customer တွေများပြားနေတဲ့ ခေတ်ကြီးမှာ ကြော်ငြာခများများသုံးတဲ့ နည်းလမ်းကို မသုံးတော့ဘဲ ကိုယ့်ရဲ့ စီးပွားရေးကို ရည်ရှည်တည်တံ့အောင် လုပ်နိုင်တဲ့ နည်းလမ်းလေး ရှိပါတယ်။

အဲဒါကတော့ Zippos ကုမ္ပဏီကနေ လေ့လာသင်ယူခြင်း ဖြစ်ပါတယ်။

Zippos ကို တည်ထောင်တဲ့သူ Tony Hsieh ကိုယ်တိုင် ရေးသားထုတ်လုပ်ထားတဲ့ စာအုပ်မှာ ဒီလို ဖော်ပြထားပါတယ်။

သူဟာ ဘီလီယံနာတစ်ယောက်လည်း ဖြစ်နေပါပြီ။

သူတို့ ဝက်ဘ်ဆိုဒ်ကနေ ရောင်းနိုင်တဲ့ ဖိနပ်ရောင်းအားကတော့ တစ်နှစ်ကို အမေရိကန်ဒေါ်လာ တစ်ဘီလီယံ အထိ ရှိပါတယ်။

ပြီးတော့ Zippos ကနေ ဝယ်ဖူးသူတိုင်းက Zippos မှာပဲ ထပ်ဝယ်ချင်ကြပါတယ်။

ကြော်ငြာမသုံးဘဲ Customer တွေနဲ့ ဘယ်လို ချိတ်ဆက်နိုင်လဲဆိုတာကို အနည်းငယ် ဝေမျှချင်ပါတယ်။

Repeat Customer Strategy (Customer တွေ အကြိမ်ကြိမ် ပြန်လာချင်အောင် လုပ်တဲ့ နည်းဗျူဟာ)

ရှိပြီးသား Customer တွေကို အာရုံစိုက်ပြီး သူတို့အတွက် စိတ်ကျေနပ်အောင် လုပ်ပေးတာမျိုးပါ။ Zippos ကနေ ဝယ်ယူတိုင်း စိတ်ကျေနပ်ကြတာကြောင့် သူတို့က အခမဲ့ ကြော်ငြာပေးသူတွေ ဖြစ်လာပါတယ်။

ဒါကို Tony သိတော့ အဲဒီ ဗျူဟာကို ကောင်းကောင်း အသုံးချပါတယ်။

Tony ရဲ့ Customer တွေကို စိတ်ကျေနပ်အောင် လုပ်တဲ့ နည်းလမ်းကတော့ အွန်လိုင်းနဲ့ ဝယ်ယူဖူးသူတိုင်း ကြုံရလေ့ရှိတာက အချိန်ကြာတာမျိုး စတဲ့ ပြဿနာတွေကို တခြားနေရာတွေမှာ ကြုံရပေမယ့် Zippos မှာ ဝယ်ရင်တော့ ဒီလို ပြဿနာမျိုး မကြုံရလေအောင် သူက စွမ်းဆောင်နိုင်ခဲ့ပါတယ်။

ပစ္စည်းပို့ဆောင်ရေးမှာ အချိန်ကြာတတ်တာကို ဒီလို သူ ဖြေရှင်းလိုက်ပါတယ်။

Delivery မငှါးဘဲ သူတို့ကိုယ်တိုင် အမြန်ဆုံး လိုက်ပို့ဆောင်ပေးလိုက်တာမျိုးပါ။

ထပ်ပြီး အွန်လိုင်းကနေ ဖိနပ်ဝယ်ရင် ဆိုဒ် မတော်တာ သေးတာ၊ ကြီးတာ တွေကို Customer တွေ ကြုံတတ်တာမျိုးကိုဖြေရှင်းဖို့ သူ့ဆီမှာဝယ်ရင် Customer က ဖိနပ်ဆိုဒ် နံပါတ် ၃၈ ကို မှာရင် ဆိုဒ် နံပါတ် ၃၉ ကိုပါ ထည့်သယ်လာပေးပြီး နှစ်ခုလုံးကို စမ်းစီးခိုင်းတာမျိုး။ ပြီးမှ တော်တဲ့ ဖိနပ်ကို ဝယ်ယူခွင့်ပေးလိုက်ပါတယ်။ 

ဒီ့အပြင် အရောင်တွေကိုလည်း ကိုယ်မှာတဲ့ အရောင်အပြင် တခြားအရောင်တွေကိုပါ ယူလာပေးတာမျိုးတွေပါ။

စမ်းစီးကြည့်လို့ ညစ်ပတ်သွားရင်လည်း Customer ကို မလျော်ခိုင်းပါဘူး။ 

Customer တွေနဲ့ Zippos ကြားမှာ ယုံကြည်မှုနဲ့ ကျေနပ်မှုတွေကို ရရှိသွားကြပါတယ်။

ဒါကြောင့် Tony ဟာ ပိုက်ဆံများများကုန်ပြီး ကြော်ငြာတဲ့ နည်းလမ်းကို မှီခိုတာထက် အဲဒီလို Customer တွေကို ကျေနပ်နှစ်သိမ့်မှုတွေပေးရင် ယုံကြည်မှုတွေ အားကောင်းလာတာမို့ စီးပွားရေးဟာ ရေရှည်ရပ်တည်နိုင်ပြီး အောင်မြင်တဲ့ စီးပွားရေးဖြစ်လာမယ်ဆိုတာကို သူ ယုံကြည်ထားပါတယ်။

သူ့ရဲ့ ကြော်ကြားတဲ့ မှတ်ချက်ကတော့ "စားသုံးသူ (Customer) တွေဆိုတာ သင် ဘာလုပ်ခဲ့သလဲ၊ သင်ဘာတွေ ပြောခဲ့သလဲ ဆိုတာ သူတို့ မှတ်မိကြမှာ မဟုတ်ပါဘူး။ ဒါပေမယ့် သင်က သူတို့ကို ဘယ်လိုခံစားသွားစေလဲဆိုတာကိုတော့ အမြဲအမှတ်ရနေကြမှာပါ။ ဒါကသာ အဓိက အရေးကြီးဆုံးအချက်ဖြစ်ပါတယ်"

သူ့ရဲ့ နည်းလမ်းက တကယ့်ကို တန်ဖိုး ကြီးတဲ့ နည်းလမ်းကောင်းလေး ဖြစ်ပါတယ်

ကြော်ငြာခတွေ မကုန်တော့ဘဲ ကိုယ့်ရဲ့ Customer တွေကသာ အခမဲ့ ကြော်ငြာပေးသူတွေ ဖြစ်လာပါတယ်ဆိုတာကို Zippos ကုမ္ပဏီကနေလည်း လေ့လာပြီးပြီမို့ သင့်အနေနဲ့လည်း ကြော်ငြာခကို ရေလိုသုံးသင့်သလား (သို့မဟုတ်) Customer တွေကို စိတ်ကျေနပ်အောင်သာ အဓိက အာရုံစိုက်မလားဆိုတာကို သင် ရွေးချယ်သွားနိုင်ပြီလို့ ထင်ပါတယ်။

သင့်အတွက်လည်း အကျိုးရှိတယ်ဆိုရင်တော့ အခြားသူတွေလည်း သိအောင် ဝေမျှပေးလိုက်ပါ။

Wednesday, June 29, 2022

ဆင်းရဲရတဲ့ အဓိက အကြောင်းအရင်းများ

ဆင်းရဲတာကို ရောင့်ရဲတင်းတိမ်မှု မဟုတ်ရင်လည်း ရိုးသားဖြူစင်မှုလို့ ကျွန်ုပ်တို့ ပတ်ဝန်းကျင်တွေမှာ လက်ခံထားကြပါတယ်။

ဒါကြောင့်မို့လို့ ဆင်းရဲမှုကနေ ရုန်းကန်ဖို့ မကြိုးစားကြတော့တာပဲ ဖြစ်ပါတယ်။ 


ဆင်းရဲမှုကို အကောင်းမြင်ပြီး ၊ ငွေရေးကြေးရေးကိုတော့ အကောင်းမမြင်ကြပါဘူး။ ငွေကို ပိုင်ဆိုင်ထားရင် အပြစ်သားတစ်ဦးလို ခံစားနေကြတယ်လို့ Poor Dad and Rich Dad (ဆင်းရဲတဲ့ ဖခင်နဲ့ ချမ်းသာတဲ့ ဖခင်) ဆိုတဲ့ စာအုပ်မှာ အသေးစိတ်ရှင်းလင်း ဖော်ပြထားပါတယ်။

ငွေကို အကောင်းမမြင်တတ်တာက ဆင်းရဲရတဲ့ အဓိက အကြောင်းအရင်းမှာ ပါတယ် လို့ အဲဒီစာအုပ်မှာ ပြောပြထားပါတယ်။

ငွေဆိုတာ လောဘကြီးတဲ့သူတွေသာ ပိုင်ဆိုင်ချင်ကြတာပါ အစရှိတဲ့ ငွေကြေးအပေါ် အယူအဆလွဲမှားနေတာကြောင့် ဖြစ်တယ်ဆိုတာကို ထပ်လောင်း ပြောပြထားပါတယ်။

ဒါကြောင့်မို့ ကိုယ့်ရဲ့ ဘ၀အတွက် လူချမ်းသာတစ်ယောက်လို တွေးတတ်ဖို့ အရမ်းကို လိုအပ်ပါတယ်။

ချမ်းသာချင်ရင်တော့ ပထမဦးဆုံး သင့်အနေနဲ့ ငွေကြေးအပေါ် ရှုမြင်ပုံကို ပြောင်းလဲပစ်လိုက်ဖို့ လိုအပ်ပါတယ်။

ဒုတိယအချက်ကတော့ ပိုင်ဆိုင်မှု (Asset) နဲ့ ဝန်ထုပ်ဝန်ပိုး (Liability) ဆိုတာကို သိရှိထားဖို့ အရမ်းကို လိုအပ်ပါတယ်။

အဲဒီစာအုပ်မှာ ဒီအကြောင်းအရာနဲ့ဆိုင်ပြီး ဆက်လက်ရှင်းလင်းထားပါတယ်။

လူတွေဟာ သူတို့နေတဲ့ အိမ်ကို ပိုင်ဆိုင်မှု (Asset) လို့ ထင်နေကြပါတယ်။ တကယ်တော့ ကိုယ်နေတဲ့ အိမ်ဟာ ဝန်ထုပ်ဝန်ပိုး (Liability) ဖြစ်နေပါတယ်။ ဘာလို့လဲဆိုတော့ အိမ်ကနေ ဝင်ငွေကောင်းကောင်း ပြန်ရရှိအောင် မလုပ်နိုင်တဲ့အပြင် အိမ်အတွက် သုံးတဲ့ ကုန်ကျစားရိတ်က ပိုများနေလို့ ဖြစ်ပါတယ်။

တကယ်လည်း ပြန်စဉ်းစားပြီး ဆင်ခြင်ဖို့ လိုအပ်ပါတယ်။

အိမ်ဆောက်ဖို့ အသုံးစားရိတ် ကြီးကြီးမားမား သုံးလိုက်၊ စျေးအကြီးဆုံး ပစ္စည်းတွေ ဝယ်လိုက်၊ နောက်ဆုံးပေါ်ကားတွေ ဝယ်လိုက် ပျက်ရင် ပြန်ပြင်လိုက်နဲ့မို့ ရင်းနှီးမြှပ်နှံဖို့တော့ ငွေကို အနည်းငယ်သာ သုံးနိုင်တော့မှာ ဖြစ်ပါတယ်။

ဒါကြောင့် အိမ်နဲ့ ကားတွေဟာ ဝန်ထုပ်ဝန်ပိုး (Liability) မှာ ပါဝင်နေတာမို့ သင့်အနေနဲ့ ချမ်းသာတဲ့သူလို အတွေးမျိုးလိုချင်ရင်တော့ ဖော်ပြသွားတဲ့ အချက် (၂) ချက်ကို သင် လက်ခံကျင့်သုံးဖို့ လိုအပ်ပါတယ်။

ဒါဆိုရင်တော့ သင်ဟာ အကြွေးနွံထဲကိုလည်း မရောက်တော့ဘဲ ၊ ရုံးအလုပ်ထဲမှာပဲ ဘ၀ကို ကုန်ဆုံးသွားတာမျိုးလည်း ဖြစ်တော့မှာ မဟုတ်ပါဘူး။ ဒါဆိုရင် ဆင်းရဲတဲ့ဘ၀ကနေလည်း အလိုလို လွတ်မြောက်သွားမှာ ဖြစ်ပါတယ်။

နောက်ဆုံး အနေနဲ့ Rich Dad and Poor Dad ရဲ့ စာရေးသူပြောထားတာလေးနဲ့ အဆုံးသတ်ချင်ပါတယ်။

"ဆင်းရဲတဲ့ ဖခင်က ပြောပါတယ် ချမ်းသာမှုထက် ပျော်ရွှင်မှုကို ပိုပြီး လိုလားပါတယ်။ ဒါပေမယ့် ချမ်းသာတဲ့ ဖခင်ကတော့ နှစ်ခုလုံးကို ဘာလို့ မရနိုင်မှာလဲ ? လို့ ပြောပါတယ်။"

Friday, June 24, 2022

Capcut မှာ စာသားအလင်းထည့်နည်း Tutorial

 Capcut သုံးသူတိုင်း မျက်စိကျနေတဲ့ စာသားပုံစံလေးကို ဖော်ပြထားပါတယ်

အသက်ကြီးသွားလို့ အောင်မြင်မှုမရနိုင်တော့ဘူးဆိုတာ မှန်လို့လား

ငယ်ရွယ်တဲ့ အသက်အရွယ်မှာ မအောင်မြင်တိုင်း ကိုယ်က အောင်မြင်မှုကို ဘယ်တော့မှ မရတော့ဘူးလို့ မတွေးလိုက်ပါနဲ့ဦး။ 

နောက်ကျမှ အောင်မြင်သူတွေလည်း များစွာ ရှိပါတယ်။ သူတို့ကို Late Bloomers (နောက်ကျမှ ဖူးပွင့်တဲ့သူတွေ) လို့ ခေါ်ဆိုထားပါတယ်။

တော်တော်များများကတော့ မိမိကိုယ်ကို Late Bloomers တစ်ယောက်အနေနဲ့ မမြင်နိုင်တော့ဘဲ အသက်ရွယ်ကြီးရင့်သွားလို့ ပုံမှန်လစာလေးအတိုင်းနဲ့ အသက်ရှင်သွားပါတော့မယ်လို့ ဆုံးဖြတ်ထားတတ်ကြပါတယ်။ 

ဒီလို လက်လျှော့မှု ဖြစ်စေတာကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်မှုရသွားတဲ့ သူတွေကိုပဲ အာရုံစိုက်နေလို့ ဖြစ်ပါတယ်။

Justin Bieber ဟာ အသက် ၂၀ မပြည့်ခင်ကနေ ကမ္ဘာမှာ ကျော်ကြားသွားပြီး မီလီယံတစ်ယောက်နီးပါး အောင်မြင်မှုရပြီး ချမ်းသာကြွယ်၀သွားပါတယ်။

နောက်တစ်ယောက်ကတော့ Facebook ကို တည်ထောင်သူ ဇူးကာဘတ် ဖြစ်ပါတယ်။ သူကတော့ အသက် ၃၀ မပြည့်ခင်ကတည်းကနေ အောင်မြင်မှု ကြီးကြီးမားမား ရခဲ့သူဖြစ်ပြီး သူ့ရဲ့ ချမ်းသာကြွယ်၀မှုကတော့ တိုင်းတာလို့တောင် မရလောက်တဲ့ထိကို ပိုင်ဆိုင်ထားပါတယ်။

သူတို့တွေကို ကြည့်ပြီး ကိုယ်ကလည်း သူတို့ရဲ့ အသက်အရွယ်မှာ မအောင်မြင်ခဲ့ဘူးဆိုရင်တော့ ဘယ်တော့မှ အောင်မြင်မှာ မဟုတ်တော့ဘူး နောက်ကျသွားပြီလို့ တွေးနေမိရင်တော့ သင့်ကိုယ်သင် ရှုမြင်ပုံကို ပြောင်းလဲပစ်ဖို့ လိုအပ်နေပါပြီ။

KFC ကြက်ကြော်ဆိုင်ကို တည်ထောင်သူ Colonel Sanders ကို ကြည့်ပါ။ သူ့ရဲ့ အသက် ၆၀ ကျော်မှ မီလီယံနာ စဖြစ်လာပါတယ်။ နောက်ပိုင်းမှာတော့ ဘီလီယံနာ တစ်ယောက် ဖြစ်လာပါတယ်။ သူလည်း ငယ်ငယ်ရွယ်ရွယ်နဲ့ ဘီလီယံနာ ဖြစ်တဲ့သူ မဟုတ်ခဲ့ပါဘူး။ သူလည်း ငယ်ရွယ်စဉ်မှာ မိဘထောက်ပံ့မှု အပြည့်အ၀မရတာရယ်ကြောင့် သူများတွေလို ဘ၀ပေးအခြေအနေ မကောင်းခဲ့ပါဘူး။ သာမာန်မိသားစုကနေ ဆင်းသက်လာပြီး အသက်ကြီးရင့်လာတဲ့ထိ လက်လျှော့အရှုံးမပေးဘဲ ဆက်လက် ကြိုးစားခဲ့တာကြောင့် သူလည်း နောက်ကျမှု ဖူးပွင့်လာတဲ့ Late Bloomers ထဲက တစ်ယောက် ဖြစ်ခဲ့ပါတယ်။ 



Donald Fisher ဆိုရင်လည်း အသက် ၄၀ လောက်မှ စပြီး Gap ဆိုတဲ့ ဆိုင်လေးကို စတင် ဖွင့်လှစ်ခဲ့ပါတယ်။
သူလည်း အဲဒီ အသက် ၄၀ နောက်ပိုင်းမှ အောင်မြင်မှုကို ရရှိခဲ့သူပါ။ ခုဆိုရင် သူ့ရဲ့ Gap ဖက်ရှင်ဆိုင်ကတော့ လူသိများတဲ့ နာမည်ကျော် တံဆိပ်တစ်ခုအနေနဲ့ ပါဝင်နေပါပြီ။


Late Bloomers တွေက ဒီလူနှစ်ယောက်ထဲ မဟုတ်ပါဘူး။ 

အမေရိကလို နိုင်ငံမျိုးမှာပဲ ရှိနိုင်တာမဟုတ်ဘဲ ကျန်တဲ့ နိုင်ငံတိုင်းလိုလိုမှာလည်း ရှိနေသေးပါတယ်။

သင်ကိုယ်တိုင်လည်း အင်တာနက်မှာ ဆက်လက်လေ့လာသွားနိုင်ပါတယ်။

သင်လည်း အသက်အရွယ်ကြီးရင့်နေသူ ဖြစ်နေလည်း Late Bloomers တစ်ယောက် ဖြစ်နေနိုင်သေးတယ်ဆိုတာကို မြင်မိပြီလို့ ထင်ပါတယ်။

ဆက်လက်ကြိုးစားပါ။ အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ စတင်လိုက်ပါ။